|

Dhammacetiya

ဗန်းမော်ဆရာတော်ဘုရားကြီးအား လှိုက်လှဲတသခြင်းသဝဏ်လွှာ

လေးစားရပါသော သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်များနှင့် ဓမ္မမိတ်ဆွေအပေါင်းတို့

 

ရှေးဟောင်းပိဋကတ်ကျောက်စာ ဓမ္မစေတီတော်ကြီး တည်ထားကိုးကွယ်ရေးသည် အမေရိကန်နိုင်ငံတွင် မြတ်ဗုဒ္ဓ၏ တရားတော်များကို ရုပ်ဝတ္ထုအနေအားဖြင့် ခိုင်ခိုင်မာမာ ထိမ်းသိမ်းစောင့်ရှောက် ကာကွယ်ရန် ရည်ရွယ်သည့် ပထမဦးဆုံး စီမံကိန်းဖြစ်ပါသည်။ ကမ္ဘာ့ဗုဒ္ဓဘာသာအံ့ဖွယ် ဤစီမံကိန်းကြီးကို ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဖြစ်ကြသော သီရီလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ မထေရ်အကျော်အမော် ရဟန်းတော်များက သဘောတူ အကြံပြုတော်မူကြပါသည်။

 

မထေရ်မြတ်များက ကျွန်ုပ်တို့၏ စိတ်ဓာတ်အင်အားကို မြှင့်တင်လျက် ယုံကြည်မှုသဒ္ဓါတရားကို တိုးပွားစေလျက် ဤစီမံကိန်းကြီးကို အလေးအနက် ထောက်ခံကြပါသည်။ မြတ်ဗုဒ္ဓ၏ တရားဓမ္မများကို ကျင့်သုံးခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ခြင်းဟူသော ဦးတည်ရာလမ်းကြောင်းပေါ်တွင် ကျွန်ုပ်တို့ချည်း ထီးတည်းမဟုတ်မှန်း သိစေရန်အတွက် အနာဂတ်မျိုးဆက်သစ်များကို ပံ့ပိုးကူညီလိုသည့် စိတ်ဓာတ်ဖြင့် တွန်းအားပေးလျက် ကရုဏာရှေ့ထား၍ မထေရ်မြတ်များက ကျွန်ုပ်တို့အား လမ်းညွှန်ပြသ အားတက်စေခဲ့ကြပါသည်။ ​​လေးစားမြတ်နိုးရသည့် ဓမ္မမိတ်ဆွေများ ကျွန်ုပ်တို့ဘက်တွင် အစဥ်အမြဲရှိကြောင်း လေးနက်သေချာစေခဲ့ပါသည်။

 

ပထမအကြိမ် ဓမ္မစေတီစီမံကိန်းကို အသိပေးကြေညာသည့်အချိန်တွင် သာသနာ့ဖခင်ကြီးဖြစ်သော ပြည်ပထိုင်းထေရဝါဒသံဃနာယက ဥက္ကဋ္ဌဆရာတော်ကြီး Venerable Phra Thepbuddhivithet (Prachan Kamchan) ကို ဆုံးရှုံးခဲ့ရပါသည်။ ယခုအခါတွင် ဓမ္မစေတီစီမံကိန်းကြီး၏ သာသနာ့ဦးသျှောင်လည်းဖြစ် မြန်မာနိုင်ငံ သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌလည်းဖြစ်သော ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသကို မမျှော်လင့်ဘဲ ဝမ်းနည်းစွာ ဆုံးရှုံးခဲ့ရပြန်ပါသည်။

 

၂၀၂၁-နှစ်ကုန်ခါနီးတွင် ဆရာတော်ကြီး ဘဒ္ဒန္တကုမာရာဘိဝံသနှင့်အတူ တိပိဋကဓရဆရာတော်များကို ပဋိသန္ထာရ စကားပြောခွင့်ရခဲ့သည်ကို ကျွန်ုပ် ပြက်ပြက်ထင်ထင် အမှတ်ရနေပါသေးသည်။ ​​ဆရာတော်ကြီးများ၏ အမြင်တွင် ကျွန်ုပ်သည် တစ်ခါမှ မတွေ့ဆုံဖူးသည့် သံဃာငယ်တစ်ပါးမျှသာ ဖြစ်ပါ၏။ သို့ပါသော်လည်း ဆရာတော်ကြီးသည် အကြီးအငယ် အနိမ့်အမြင့် အတန်းအစား မခွဲခြားဘဲ ရိုးရိုးရှင်းရှင်း အတ္တမာနကင်းစွာ ကရုဏာဖြင့် ဓမ္မစေတီစီမံကိန်းကြီး၏ အကြံပေးနာယကပြုပေးပါရန် လျှောက်ထားတောင်းပန်မှုကို အခြား မထေရ်မြတ်များနှင့်အတူ ဝမ်းပန်းတသာ လက်ခံတော်မူခဲ့ပါသည်။ ဆရာတော်ကြီးသည် ဓမ္မစေတီတော်ကြီး တည်ဆောက်ရေးလုပ်ငန်းအတွက် နှစ်ထောင်းအားရ ကျေနပ်ပီတိကို ပွင့်လင်းစွာ ပြသ၍ အဖိုးမဖြတ်နိုင်သော လမ်းညွှန်ချက်များကို ချီးမြှောက်တော်မူပါသည်။ ဤစီမံကိန်းသည် တိပိဋကကျမ်းစာများနှင့် ဓာတ်တော်လေးဆူတို့ကို ထည့်သွင်းထားရှိမည်ဖြစ်သောကြောင့် နိုင်ငံတကာအသိအမှတ်ပြု ဤကြိုးပမ်းမှု၏ အရေးပါပုံကိုလည်း အလေးထား မြွက်ကြားခဲ့ပါသည်။ ဤကဲ့သို့သော စီမံကိန်းကြီးများတွင် စိတ်တူကိုယ်တူ ပူးပေါင်ဆောင်ရွက်နိုင်ခြင်းက ရှားရှားပါးပါးပင် ဖြစ်ကြောင်းလည်း ဆရာတော်ကြီးက မိန့်တော်မူခဲ့ပါသည်။ ဤအခွင့်အရေး၏ အရေးပါပုံကို အသိအမှတ်ပြုသည့်အနေဖြင့် သူကိုယ်တိုင်အတွက် ကုသိုလ် ဆည်းပူးရန် ဗုဒ္ဓဓာတ်တော်များ၊ ဗုဒ္ဓဆင်းတုတော်များ၊ ဗုဒ္ဓခြေတော်ရာများကို ရက်ရောစွာ လှူဒါန်း ချီးမြှင့်ခဲ့ပါသည်။

 

တရားဓမ္မနှင့် ရိုးရှင်းမှုတို့ဖြင့် ပြည့်နှက်နေသည့် ဆရာတော်ကြီး၏ ဆုံးမသြဝါဒများကို ကျွန်ုပ်တို့က အမြဲ ဦးထိပ်ပန်ဆင်ကြပါမည်။ ကျွန်ုပ်တို့၏ နောက်ဆုံးထွက်သက်အထိ ဤစီမံကိန်းကြီး ပြီးစီးစေရန် မပင်မပန်း ထမ်းရွက်မည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။ ကျွန်ုပ်တို့သည် ဆရာတော်ကြီး၏ အလေးအနက် ထောက်ခံပံ့ပိုးမှုကို စိတ်ပျက်အားလျော့မှု မဖြစ်စေရန် သန္နိဋ္ဌာန်ချထားပြီး ဖြစ်ပါသည်။ ထို့အပြင် ဤရှေးဟောင်းပိဋကတ်ကျောက်စာ ဓမ္မစေတီတော်ကြီး တည်ထားရေး စီမံကိန်းအတွက် မိမိကိုယ်မိမိ မြှုပ်နှံထားကြသည့် မထေရ်မြတ်များ၊ ရဟန်းတော်များ၊ သီလရှင်များနှင့် ဓမ္မမိတ်ဆွေတို့၏ မယိမ်းယိုင်သော ထောက်ခံအားပေးမှုကို အားလျော့စိတ်ပျက်စေမည့် မည်သည့်အရာကိုမှ ခွင့်ပြုမည် မဟုတ်ပါ။

 

ယခုအချိန်၌ ၂၀၂၁- နှစ်ကုန်ခါနီးတွင် ရှေးဟောင်းပိဋကတ်ကျောက်စာ ဓမ္မစေတီတော်ကြီး တည်ထားရန် ကရုဏာရှေ့ထား၍ ညွှန်ကြားဆုံးမမှုကို ခံယူခဲ့ရသည့် တပည့်သာဝကတစ်ပါးအနေဖြင့် တာဝန်ဝတ္တရားကျေစေရန်အတွက် ကျွန်ုပ်သည် ဆရာတော်ကြီးအား ရိုသေဂါရဝပြုရန်နှင့် အန္တိမအဂ္ဂိစျာပနပွဲတွင် နောက်ဆုံးနှုတ်ဆက်ရန် ရောက်လာခဲ့သင့်ပါသည်။ သို့သော်ပါသော်လည်း မိဘနှင့် ဆရာသမားတို့အပေါ် ဖြည့်ကျင့်ရမည့် တာဝန်ဝတ္တရာများကို ဖြည့်ဆည်းသောအခါ ခက်ခဲသည့်အချိန်များ ဘဝတွင် ရှိနိုင်ပါသည်။ ယခုလတ်တလောတွင် အရွယ်အိုမင်းပြီး အားနည်းချိနဲ့နေပြီဖြစ်သည့် ကျွန်ုပ်၏ မိခင်မှာ အလွန်အရေးကြီးသော အခြေအနေတွင် ရှိနေပြီး မည်သည့်အချိန်တွင် ဤလောကမှထွက်ခွါသွားမည်ကို တပ်အပ်မပြောနိုင်ပါ။ တစ်မိသားစုလုံး၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ အခရာဖြစ်သည့် သားတစ်ယောက်အနေဖြင့်လည်းကောင်း ရဟန်းတစ်ပါးအနေဖြင့်လည်းကောင်း ကျွန်ုပ်သည် ခရီးထွက်နိုင်ခြင်း မရှိပါ။ မိသားစုအပေါ် ဝန်ပိသွားစေနိုင်ပါသည်။

 

ယခုအခါ၌ ဆရာတော်ဘုရားကြီးအား အလုံးစုံသော စိတ်နှလုံးဖြင့် ညှိုးငယ်စွာ နှုတ်ဆက်ခွဲခွါရန် အဝေးမှပင် ညွတ်တွားလျက် ရှိခိုးဦးတင်ပါသည်။

 

ဟွန်ဒေါင်ကျောင်းတိုက်မှ ရဟန်းတော်များ၊ သီလရှင်များ၊ ဒါယကာ ဒါယိကာမများနှင့်တကွ ဓမ္မစေတီ တည်ဆောက်ရေးအဖွဲ့သားများက ရိုသေလေးမြတ်စွာဖြင့် ဦးညွတ်ဂါရဝပြုအပ်ပါသည်။

 

ဤကုသိုလ်ကောင်းမှုအစုစုသည် ဆရာတော် အရှင်ကုမာရာဘိဝံသ (သံဃမဟာနာယကဥက္ကဋ္ဌ) ထံ ရောက်ရှိပါစေကြောင်း ရည်စူးအပ်ပါသည်။ ဗုဒ္ဓစံမြန်း နိဗ္ဗာန်နန်းသို့ ရောက်ပါစေကြောင်း အလေးအနက် ဆုတောင်းအပ်ပါသည်။

 

နောက်ဆုံးအနေဖြင့် ဆရာတော်ဘုရားကြီးနှင့် တကွ၊ မထေရ်ကြီးများ၊ ပိဋကတ်အကျော် ဆရာတော်များ၊ ရဟန်းတော်များအားလုံးကို ရိုကျိုးစွာ ဝမ်းနည်းစကား လျှောက်ထားလိုပါသည်။ ကျွန်ုပ်၏ ပျက်ကွက်မှုအတွက် ကရုဏာရှေ့ထား၍ ခွင့်လွှတ်ပေးတော်မူကြပါရန် ရိုသေလေးမြတ်စွာ တိုးလျှိူးတောင်းပန်အပ်ပါသည်ဘုရား။

 

နမော ဗုဒ္ဓါယ

 

ဘိက္ခုပညာကာရ
ဟွန်ဒေါင်ဝိပဿနာဘာဝနာစင်တာ
ဖိုဒ့်ဝါသ်၊ တက္ကဆက်ပြည်နယ်၊ အမေရိကန်နိုင်ငံ

 

#chuahuongdao #chuahuongdaotemple #sbsstupas
#buddha #buddhism #Dhutanga #dhammajourney

 

မူရင်း: Dhammacetiya

 

ဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်းမော်ဆရာတေ) (၁၉၂၉ -၂၀၂၃), နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဥက္ကဋ္ဌဆရာတော်

ဘဒ္ဒန္တကုမာရာဘိဝံသ (ဗန်းမော်ဆရာတေ) (၁၉၂၉ -၂၀၂၃)
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဥက္ကဋ္ဌဆရာတော်
အဂ္ဂမဟာပဏ္ဍိတ
အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ
အဘိဓဇမဟာရဋ္ဌဂုရု
အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက
ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့